စအိုမှာဖြစ်တဲ့ ကင်ဆာ
Cause Overview
စအိုဆိုတာ အစာခြေစနစ်ရဲ့ အဆုံးသတ်အင်္ဂါဖြစ်ပြီး အစာဟောင်းအိမ်ရဲ့ အဆုံးမှာရှိတဲ့ ပြွန်ငယ်တစ်ခုပါ။ စအိုဟာ အစာဟောင်းတွေကို မစင်အဖြစ် စွန့်ထုတ်ရတဲ့ တာဝန်ကို လုပ်ဆောင်ပါတယ်။ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ စအိုမှာလည်း ကင်ဆာဖြစ်နိုင်ပေမယ့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာတို့လို ဖြစ်နှုန်းများတဲ့ ကင်ဆာတော့ မဟုတ်ပါဘူး။
ဘာကြောင့် ဖြစ်တာလဲ?
တခြားကင်ဆာတွေလိုပဲ ပုံမှန်ဆဲလ်တွေနေရာမှာ မျိုးရိုးဗီဇပြောင်းနေတဲ့ ဆဲလ်တွေက အစားထိုးဝင်ရောက်ပြီး အဆမတန်ပွားလာရာက ကင်ဆာအလုံးအကျိတ်ဖြစ်လာတာပါ။ အနီးအနားအင်္ဂါတွေနဲ့ အဆုတ်၊ အသည်း၊ ဦးနှောက်၊ အရိုးတွေထိ ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားနိုင်ပါတယ်။
Human papillomavirus (HPV) လို့ခေါ်တဲ့ လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဟာ စအိုကင်ဆာဖြစ်ရတဲ့ အဓိက အကြောင်းရင်းပါ။
Living & Managing
ဘယ်လိုလူတွေအဖြစ်များသလဲဆိုရင်
- အသက် ၅၀ ကျော်တဲ့သူတွေ
- လိင်ဆက်ဆံဖော် များတဲ့သူတွေ
- လိင်ဆက်ဆံတဲ့အခါ စအိုလမ်းကြောင်းကို အသုံးပြုလေ့ရှိသူတွေ
- ဆေးလိပ်သောက်သူတွေ
- သားအိမ်ခေါင်း၊ မွေးလမ်းကြောင်းနဲ့ လိင်အင်္ဂါတဝိုက် ကင်ဆာရောဂါရှိသူတွေ
- Human papillomavirus (HPV) ရောဂါပိုး ကူးစက်ခံရသူတွေ (လိင်အင်္ဂါကြွက်နို့လည်း ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပါ)
- HIV ပိုးရှိသူ၊ ကိုယ်အင်္ဂါအစားထိုးကုသမှုခံယူပြီး ဆေးသောက်နေရသူ စတဲ့ ကိုယ်ခံအားစနစ် ကျဆင်းနေသူတွေမှာ အဖြစ်များပါတယ်။
Symptom & Types
စအိုကင်ဆာရှိရင်
- စအိုနဲ့အစာဟောင်းအိမ်က သွေးပါတာ
- စအိုတဝိုက်နာကျင်နေတာ
- စအိုဝက ယားယံနေတာ
- စအိုလမ်းကြောင်းမှာ အလုံးအကျိတ်ရှိနေတာမျိုး ခံစားရတတ်ပါတယ်။
ကုသမှုအနေနဲ့ ကင်ဆာဆေးသွင်းခြင်း (chemotherapy) နဲ့ ဓာတ်ရောင်ခြည်ပေးခြင်း (radiotherapy) ပေါင်းအြီး အဓိက ကုသပါတယ်။ စအိုကင်ဆာရဲ့ အရွယ်အစား၊ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး ဆေးသွင်းတာ၊ ဓာတ်ရောင်ခြည်ပေးတာအပြင် ခွဲစိတ်ဖြတ်ထုတ်တာလည်း လုပ်လေ့ရှိပါတယ်။
အချိန်မီ မကုသရင်တော့ အထက်မှာပြောခဲ့သလို အနီးအနာအင်္ဂါတွေနဲ့ အဆုတ်၊ အသည်း၊ ဦးနှောက်နဲ့ အရိုးတွေကို ကင်ဆာဆဲလ်တွေ ပျံ့နှံ့ရောက်ရှိသွားမှာပါ။
Support & Resources
ကာကွယ်ဖို့ဆိုရင်တော့
- HPV ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပါ။
- HIV နဲ့ HPV ကူးစက်မခံရအောင် ကွန်ဒုံးသုံးပါ။
- တတ်နိုင်သမျှ လိင်ဆက်ဆံဖော် မများအောင်ဂရုစိုက်ပါ။ မိမိခင်ပွန်းအပေါ်၊ ဇနီးအပေါ် သစ္စာရှိပါ။
- ဆေးလိပ်ဖြတ်ပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်